International News

အမေရိကန်စီးပွားရေးကို သိသိသာသာ ထိခိုက်လာစေသော ငွေကြေးဖောင်းပွမှု

Last Updated:

လက်ရှိအမေရိကန်နိုင်ငံ၏ စီးပွားရေးသည် ဆိုးရွားသည့်အခြေအနေဖြစ်ပြီး မျှော်မှန်းထားသည်ထက် ပိုမိုထိခိုက်လာနေသည်ကို တွေ့ရှိရပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် မမျှော်လင့်ထားသောအဆင့်အထိ မြင့်တက်သွားခဲ့ပြီး ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများဈေးနှုန်းလည်းမြင့်တက်လာခဲ့ပါသည်။ နှစ်ပေါင်း ၄၀ အတွင်း စားသုံးသူဈေးဆနှုန်း (Consumer Price Index – CPI) သည် ၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပါသည်။ ငွေကြေးဖောင်းပွမှုမြင့်တက်လာချိန်တွင် အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းကို ဆက်လက်မြှင့်တင်ရန် ဆုံးဖြတ်ချက်သည် မေးခွန်းထုတ်စရာဖြစ်ပြီး ယခုထက် ၀ ဒသမ ၇၅ ရာခိုင်နှုန်း ဆက်လက်မြှင့်တင်ရန် မျှော်လင့်ထားသင့်သည့် အခြေအနေဖြစ်ပါသည်။

ဈေးကွက်အတွင်း အိမ်ခြံမြေရောင်းဝယ်ရေး၊ အစားအသောက်နှင့် ဆေးဘက်ဆိုင်ရာကုန်ကျစရိတ်များသည် ငွေကြေးဖောင်းပွစေသော အဓိကအချက်များဖြစ်ကြောင်း တွေ့ရှိရပါသည်။ အိမ်ငှားစရိတ်များ ဆက်တိုက်မြင့်တက်လာခဲ့ပြီး အခြေခံစားသောက်ကုန်များသည်လည်း မြင့်တက်လျက်ရှိပါသည်။ ဂျိုးဘိုင်ဒန်က စီးပွားရေးကျဆင်းမှုသည် အနည်းငယ်မျှသာဖြစ်ကြောင်းပြောသော်လည်း မြင့်တက်လာသော CPI နှုန်းများကို ကြည့်ရှုပါက အကျဘက်သို့သာ ဦးတည်နေကြောင်း တွေ့ရှိရပါသည်။

အိမ်ခြံမြေဈေးကွက်တွင် ဝယ်ယူလိုသူများအနေဖြင့် ဈေးနှုန်းအတက်အကျ မြန်ဆန်လွန်းသောကြောင့် ရင်းနှီးမြှုပ်နှံရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး အိမ်ပွဲစားများအနေဖြင့် အရှုံးပေါ်နေကြောင်း သတင်းများကဖော်ပြထားပါသည်။ အိမ်ရောင်းချလိုသူများအနေဖြင့်လည်း ရောင်းချရန် တုံ့ဆိုင်းနေကြပြီး ဈေးကွက်အခြေအနေသည် သုံးသပ်ရန် ခက်ခဲသောအခြေအနေကို ရင်ဆိုင်နေကြရခြင်းဖြစ်ပါသည်။

အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၇ ထရီလီယံတန်ဖိုးရှိ ဘဏ္ဍာရေးဈေးကွက်ကြီးတွင် စတော့ရှယ်ယာ ကစားသမားများအနေဖြင့် ယခင်ကကဲ့သို့ အလွယ်တကူဆုံးဖြတ်နိုင်ရန်ခက်ခဲလျက်ရှိပြီး အမေရိကန်ရင်းနှီးမြှုပ်နှံမှုဘဏ် JPMorgan Chase ၏အမှုဆောင်အရာရှိချုပ်ကလည်းအမေရိကန်၏ စီးပွားရေးသည် လာမည့်ခြောက်လမှ ကိုးလအတွင်းဆက်လက်ကျဆင်းဦးမည်ဟု ခန့်မှန်းထားပါသည်။

အမေရိကန် ထိပ်တန်းရောင်းဝယ်ဖောက်ကားသည့် ကုမ္ပဏီများ၏ ဈေးကွက်အညွှန်းကိန်း (S&P 500) သည်လည်း ၂၀ ရာခိုင်နှုန်း ဆက်လက်ကျဆင်းဦးမည်ဖြစ်ပြီး Bank of America မှ စစ်တမ်းအရ လူငယ်လုပ်ငန်းရှင်များအနေဖြင့် စတော့ဈေးကွက်ထက် Crypto၊ အိမ်ခြံမြေနှင့် ပုဂ္ဂလိကပိုင်ရှယ်ယာများကဲ့သို့သော အခြားရင်းနှီးမြုပ်နှံမှုပုံစံများကို အားသာလျက်ရှိကြောင်း ဖော်ပြထားပါသည်။

 

 

 

 

လဲ့လဲ့နှင်း (MYANTRADE)

 

Source: https://www.bloomberg.com/news/newsletters/2022-10-13/fed-inflation-fight-rising-prices-are-battering-the-us-economy

Category: International News